ဤလောကတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းရုံနှင့် ပြီးမြောက်နိင်သော ကိစ္စများရှိသကဲ့သို့ အများနှင့်ပူးပေါင်းဆောင်ရွက်ပါမှ ပြီးမြောက်နိုင်သော ကိစ္စများလည်း များစွာပင်ရှိပါသေး၏။
Showing posts with label အတွေးအမေး. Show all posts
Showing posts with label အတွေးအမေး. Show all posts

Tuesday, March 23, 2010

ယူသနေစီးယားနှင့်မာတုဃာတကကံ

တစ်နေ့စာကြည့်နေခိုက်----
နေကောင်းပါရဲ့လား အရှင်ဘုရား"ဟု မေးမြန်းနှုတ်ဆက်သံကြောင့်
"အော်-နေကောင်းပါတယ်၊ မပေါ်လာတာ အတော်ကြာပါပကောလား
ဒကာထူးရဲ့"ဟုပြန်လည်နှုတ်ဆက်လိုက်ရ၏။

"မပေါ်လာတာကြာဆို တပည့်တော်မိခင်ကြီး ကျန်းမာရေးမကောင်းတာ
ရန်ကုန်ထိသွားပြီး ဆေးကုပေးနေခဲ့ရလို့ပါဘုရား၊ အခုတော့ ကျန်းမာရေး
ကောင်းသွားပါပြီ၊ အဲဒါ အရှင်ဘုရားအတွက် လှူစရာကလေးတွေလည်း
ပါလာ၊ မေးစရာလေးတွေလည်း တွေ့လာခဲ့ရလို့ပါဘုရား။"

"လှူစရာကိုတော့ ထားပါဦး၊ မေးစရာကို အရင်သိပါရစေ။"

"ဒီလိုပါဘုရား၊ ရန်ကုန်ဆေးခန်းမှာတုန်းက တပည့်တော်တို့ အမေအရွယ်
အသက်ခုနစ်ဆယ်ကျော် အဘွားကြီးတစ်ယောက် ဆေးကုသမှုခံယူနေ
တာကိုတွေ့ခဲ့ရပါတယ်ဘုရား၊ ရောဂါက သားအိမ်ကင်ဆာလို့ ဆိုပါတယ်။
နာလွန်းလို့ထင်ပါရဲ့ဘုရား၊ အော်လိုက် ညည်းလိုက်နဲ့ တလူးလူး တလွန့်လွန့်
ဖြစ်နေတာ မြင်ရ ကြားရတဲ့ သူတွေတောင်မသက်သာလှဘူးပေါ့ ဘုရား။"

"ဒီလိုနဲ့ သားသမီးတွေက စိတ်ဓာတ်ကျပြီး မကြည့်ရက်တော့တဲ့အဆုံးမှာ
ဆရာဝန်ကြီးကို သူတို့အမေကို ယူသနေစီးယား လုပ်ပေးဖို့ တောင်းပန်
ကြတော့တာပါပဲဘုရား။"

"နေပါဦး ဒကာထူးရဲ့၊ ယူသနေစီးယားဆိုတာ နောက်ဆုံးပေါ်ကုထုံးလား၊
ဆေးဆုံးသုံးပြီး ကုပေးဖို့ပြောတာလား။"

"ဘယ်ကဟုတ်ရမှာလဲဘုရား၊ ယူသနေစီးယား (Euthanasia) ဆိုတာ
မနာမကျင်ရလေအောင် လူနာကို ညင်ညင်သာသာ ကိစ္စတုံးပစ်တဲ့နည်းကို
ဆိုတာပါဘုရား။"

"ဟာ-ဖြစ်ရလေ ဒကာထူးရယ်၊ အဲဒီတော့ ဆရာဝန်ကြီးက လုပ်ပေးလိုက်ရော့လား။"

"လျှေက်ပါ့မယ်ဘုရား၊ ဆရာဝန်ကြီးက ဘာသာရေးကို အတော်ကိုင်းရှိုင်းပုံရပါတယ်
ဘုရား၊ ဒီလိုယူသာနေစီးယားလုပ်တယ်ဆိုတာ တကယ်တော့ သူ့အသက်ကိုသတ်
တာပဲတဲ့၊ ဝေဒနာခံစားရတာကတော့ လူနာရဲ့ကံတရား အကျိုးပေးပေါ့လေ၊ ဒီလို
မလုပ်ချင်ကြပါနဲ့လို့ အတော်ရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်ဘုရား။"

"ပြီးတော့ ဆရာဝန်ဆိုတာ လူနာကို အသက်ရှည်ကျန်းမာအောင် တတ်စွမ်းသမျှ
ကုသပေးကြရတဲ့သူတွေသာဖြစ်ပြီး လူနာကရော လူနာရှင်တွေကပါ ဘယ်လောက်
လိုလားလိုလား အသက်တိုအောင်လုပ်ပေးတဲ့သူ လူနာရဲ့ကံကို အဆုံးသတ်ပေးတဲ့
သူတွေမဖြစ်သင့်ပါဘူးတဲ့။"

"နောက်ပြီးစဉ်းစားစရာက သူမသေခင် ကုရနိုင်တဲ့နည်း ကုရနိုင်တဲ့ဆေး မပေါ်ဘူး
လို့လည်းမဆိုနိုင်ဘူး၊ သတ္တဝါတစ်ခု ကံတစ်ခုဆိုတာကိုလည်း သတိပြုရပါမယ်တဲ့
ဘုရား။"

"ဒါတွေဟာ ဒေါက်တာမောင်မောင်ညိုရေးတဲ့ ရောဂါဆန်းနဲ့ဇာတ်လမ်းများ စာအုပ်
ထဲကရရှိထားတဲ့ ဗဟုသုတ အသိတရားတွေကို တဆင့်ဖြန့်ဝေပေးတာပါတဲ့။"

"ဆရာဝန်တွေဘက်က နောက်ဆုံးပေါ်နည်းပညာတွေ၊ ဆေးဝါးတွေနဲ့ တတ်စွမ်းသမျှ
ကုသပေးနေသလို လူနာရှင်တွေဘက်ကလည်း အတတ်နိုင်ဆုံး ပြုစုယုယမှုတွေ
ပေးကြပါလို့ ပြောသွားပါသေးတယ်ဘုရား။"

"အင်း--တော်တော် သဘောထားပြည့်ဝတဲ့၊ ဗဟုသုတပြည့်စုံတဲ့ဆရာဝန်ကြီးပဲကိုး၊
အထူးသဖြင့် ဒါတွေကိုတင်ပြပေးတဲ့ ဒေါက်တာ မောင်မောင်ညိုကို လေးစားစရာပါပဲ။
ဒါနဲ့ ဒကာထူး မေးစရာတွေဆိုတာက---။"

"သြော်-ဒီလိုပါဘုရား၊ အကယ်၍သာ လူနာရဲ့သားသမီးတွေ တောင်းဆိုတဲ့အတိုင်း
ယူသနေစီးယားလုပ်ပေးလိုက်ရင် တောင်းဆိုတဲ့သူတွေနဲ့ လုပ်ပေးတဲ့သူမှာ ဘယ်လို
အပြစ်မျိုးတွေ ဖြစ်နိုင်မလဲ သိချင်တာပါဘုရား။"

"မေးလဲမေးထိုက် သိလည်းသိထိုက်တာပဲ ဒကာထူးရေ။ တောင်းဆိုတဲ့သူတွေက လူနာရဲ့
သားသမီးအရင်းတွေ စစ်မှန်ခဲ့ရင်တော့ မာတုဃာတကကံ ထိုက်မှာဖြစ်ပြီး လုပ်ပေးတဲ့
အခြားသူကတော့ ပါဏာတိပါတကံ ထိုက်မှာပါပဲ။"

"ဒီနေရာမှာ မာတုဃာတကကံထိုက်ရတာကတော့ ယူသနေစီယားလုပ်ပေးဖို့ တောင်းပန်
တာက သတ်တဲ့ပုံစံ (၆) မျိုးထဲက အာဏတ္တိက ခေါ်တဲ့ စေခိုင်း၍သတ်ခြင်းဆိုတဲ့ အထဲမှာ
အကျုံးဝင်နေတာရယ်၊ အသတ်ခံရသူကလည်း လူသားစစ်စစ်ဖြစ်တဲ့ အမေရင်း၊ သတ်သူ
(စေခိုင်းတောင်းပန်သူ) ကလည်း လူသားစစ်စစ် သားသမီးအရင်းဖြစ်နေတာရယ်၊ အဲဒီ
စေခိုင်းမှု ပယောဂကြောင့်ပဲ သေဆုံးတာရယ်တို့ကြောင့် မာတုဃာတကကံ ( အမေသတ်
တဲ့ကံ) ထိုက်ရတာပါပဲ။"

"တင်ပါ့ဘုရား၊ အရှင်ဘုရားပြောတဲ့အထဲက သတ်တဲ့ပုံစံ (၆) မျိုးဆိုတာနဲ့ လူသားစစ်စစ်
ဆိုတာတွေကို မိန့်ပါဦးဘုရား။"

"သတ်တဲ့ပုံစံ (၆) မျိုးဆိုတာက
(၁) ကိုယ်တိုင်ကိုယ်ထိလက်ရောက်သတ်ခြင်း (သာဟတ္ထိက)၊
(၂) စေခိုင်း၍သတ်ခြင်း (အာဏတ္တိက)၊
(၃) ပတ်ခတ်၍သတ်ခြင်း (နိဿဂ္ဂိယ)၊
(၄) ကျသေ ထိသေအောင် တွင်းတူး၊ ဗုံးထောင်၊ ငြောင့်တံသင်းထောင်ထား၍သတ်ခြင်း
(ထာဝရ)
(၅) စုန်းအတတ်၊ မှော်အတတ်စတဲ့ အတတ်တစ်မျိုးမျိုးနဲ့သတ်ခြင်း (ဝိဇ္ဇာမယ)
(၆) ကံကြောင့်ဖြစ်တဲ့ တန်ခိုးနဲ့သတ်ခြင်း (ကမ္မဇိဒ္ဓိ) -တို့ပါပဲ။"

"နောက်လူသားစင်စစ်ဆိုတာက မာတုဃာတက၊ ပိတုဃာတကကံတွေမှာ သတ်သူရော၊
အသတ်ခံရသူပါ လူသားစစ်စစ်တွေဖြစ်ပါမှ ဒီကံတွေကထိုက်တာ၊ သီဟဗာဟုတို့မှာလို
အသတ်ခံရသူအဖေက တိရစ္ဆာန်ဖြစ်ပြီး၊ သတ်တဲ့သူ သားသမီးကလူဖြစ်ရင်တော့ ဒီကံ
ကြီးတွေမထိုက်နိုင်ဘူးလို့ ဆိုလိုတာပါ၊ ဒီကံကြီး (အာနန္တရိယကံ) တွေ ထိုက်မှု-မထိုက်မှု
နဲ့ပတ်သက်ပြီး အကျယ်တဝင့် သိချင်ရင်တော့ သမန္တစက္ခုဒီပနီကျမ်းမှာ ကြည့်နိုင်ပါတယ်။"

"မှန်ပါဘုရား၊ အကယ်၍ ဒီကံကြီးထိုက်သွားရင် ပစ္စုပ္ပန်ဘဝနဲ့ တမလွန်ဘဝတွေမှာ ခံစား
ရမယ့် အကျိုးအာနိသင်တွေကိုလည်း သိလိုပါသေးတယ်ဘုရား။"

"ပစ္စုပ္ပန်ဘဝမှာတော့ ဈာန်တရား၊ မဂ်တရား၊ ဖိုလ်တရားတွေ လုံးဝမရနိုင်တော့ဘူး။ အများ
တကာရဲ့ ရှုတ်ချခံရမှုတွေကိုတော့ တွေးကြည့်ရင် သိနိုင်လောက်ပါတယ်။ အဇာတသတ်
မင်းတို့လို ညဘက်အိပ်မပျော်တာတွေစတဲ့ နောက်ဆက်တွဲတွေကလည်း အများကြီးပဲပေါ့။
အဲ-တမလွန်လားရာဂတိကတော့(ဘယ်လိုကောင်းမှုတွေကိုပဲ ပြုထားစေဦး၊ ပြုပေဦးတော့)
ဒီဘဝကသေရင် ငရဲမှာတပ်အပ်ကျဖြစ်မှာ အသေအချာပါပဲ။"

"ယခုလိုသိခွင့်ရတာ ကျေးဇူးကြီးလှပါတယ်။ ဟိုလူနာရှင်သားသမီးတွေကတော့ ဆရာဝန်
ကြီးရဲ့ကောင်းမှုကြောင့် ဒီကံကြီးကလွတ်သွားကြရတာပဲဘုရား၊ တော်ပါသေးရဲ့။"

"အင်း-မရှိတာထက် မသိတာခက်တယ်လို့ဆို မဟုတ်လားကိုထူးရဲ့၊ သိသင့်သိထိုက်တာ
တွေကို သိအောင် လေ့လာထားကြရမှာပေါ့။"

"တင်ပါ့ဘုရား၊ တပည့်တော်တို့လို မိအို ဖအိုတွေနဲ့ နေရတဲ့သူတွေ ပိုပြီးသိသင့်ပါတယ်ဘုရား။
တပည့်တော်လည်း တတ်နိုင်သလောက် လက်ဆင့်ကမ်းမှာပါပဲဘုရား။"

"မိဘစတဲ့ ကျေးဇူးရှင်ကြီးတွေဟာ မီးနဲ့ပမာတူတယ်တဲ့ ဒကာထူးရဲ့၊ မီးဆိုတာ သုံးတတ်ရင်
ထမင်းချက်၊ အနွေးငွေ့လှုံ၊ အလင်းရောင်ယူ အမျိုးစုံအောင် သုံးလို့ရပေမဲ့၊ မသုံးတတ်ရင်တော့
လောင်တတ် ကျွမ်းတတ်တာ သဘာဝပါပဲ၊ ဒါကြောင့် ငရဲမီး အလောင်မခံရအောင်
ရှောင်ရှားပြီး၊ လူနတ်နိဗ္ဗာန် ချမ်းသာရအောင် ဒီမီးအလင်းရောင်ကြီးတွေကို သုံးတတ်ပါစေ
ဒကာထူးရေ။"

"ဤသို့ဖြင့် ဒကာထူးတစ်ယောက် ပါလာသောလက္ဘက်ခြောက်ကို လှူပြီး ရိုသေစွာ ဦးချ
လိုက်လေသတည်း။"

(ဓမ္မရတနာမဂ္ဂဇင်း၌ "သတ်စေခြင်း သေစေခြင်း"အမည်ဖြင့် ဖော်ပြပြီး)

Friday, March 19, 2010

ဘုရားဟောထက်ယုံသလား

"ရွာကဒေါ်ပုတို့လင်မယား တပည့်တော်တို့ အိမ်ရောက်နေကြပါတယ်ဘုရား။"

"အင်း"

"သူ့ခင်ပွန်းနေမကောင်းလို့ ဆေးလာကုကြတာပါဘုရား"

"ဟင်-သူ့တို့ သ္မီးအိမ်မှာ မတည်းကြဘူးလား"

"သူ့သ္မီးကတော့ လာလာကြည့်ပါတယ်ဘုရား၊ အိမ်မှာပေးမတည်းတာကတော့
ဗေဒင်က လူဝင်မသင့်ဘူး ဟောထားလို့ဆိုပဲဘုရား။"

"ဟင်-မင်္ဂလာတရားတွေ ပျက်ပါပေါ့ ဒကာကြီးရ၊ ဘယ့်နှယ် ဘုရားဟောထက်
ဗေဒင်ဟောကိုမှပိုယုံရတယ်လို့၊ ဗုဒ္ဓဘာသာမှဟုတ်ပါလေစ။ ဟေ့ ကျောင်းသားတစ်
ယောက်လောက်ခဏလာခဲ့စမ်း၊ ဒေါ်ပုတို့ သ္မီးနဲ့သားမက်ကို သိတယ်မဟုတ်လား။
သွားခေါ်ချေ။ ဆရာတော် ခေါ်တယ်လို့ ပြောလိုက်။"
**************************************************************

(ဖော်ပြပါ အဖြစ်အပျက်ကား ဆရာဘုန်းတော်ကြီး၏ကျောင်းသို့ ခေတ္တရောက်ရှိခိုက်
ကြားသိလိုက်ရသော အဖြစ်အပျက်ပင်ဖြစ်ပါ၏။ မကြာမြင့်မီပင် ဒေါ်ပု၏ သ္မီးနှင့်သားမက်
တို့ရောက်လာကာ ဆရာတော်အားဦးချကန်တော့ကြလေ၏။)

"ဆရာတော် ခေါ်တယ်ဆိုလို့ပါဘုရား။"

"အေး၊ နင်တို့နေကောင်းကြရဲ့လား။"

"ကောင်းပါတယ်ဘုရား။"

"နင်တို့အဖေ အမေတွေရော။"

"အဖေ နေမကောင်းလို့ ဆေးကုမလို့ရောက်နေကြပါတယ်ဘုရား။"

"ဘယ်တုန်းကရောက်ကြတာလဲ ၊ နင်တို့အိမ်မှာပဲလား။"

"မနေ့ညနေကပါဘုရား၊ ဦးကြီးတိုးတို့အိမ်မှာတည်းကြပါတယ်ဘုရား။"

"အေး-အဲဒါကြားလို့ခေါ်ရတာပဲ။ နင်တို့အိမ်မှာ ဘာလို့မတည်းကြတာလဲ၊"

"ဟို-ဟို ဗေဒင်ကလူဝင်မသင့်ဘူးဆိုလို့ပါဘုရား။ တပည့်တော်မ ဘယ်လို
လုပ်ရမလဲဘုရား။"

"အေး အဲဒါပြောချင်လို့ အခေါ်ခိုင်းလိုက်ရတာပဲ။ သေသေချာချာစဉ်းစား
ကြည့်စမ်း၊ ခုလာတာ တစိမ်းတွေလား၊ မိဘတွေလား၊ ဟင်--။"

"မိဘတွေပါဘုရား"

"သူတို့ခမျာ အပျော်လာကြတာလား ဆေးလာကုကြတာလား။"

"ဆေးလာကုကြတာပါဘုရား"

"အေး-နင်တို့ ငယ်ငယ်ကတည်းက ခုချိန်ထိကျအောင် ဘယ်အကြောင်းကြောင့်ပဲ
မိဘအိမ်ကိုသွားသွား နင်တို့မိဘတွေက လူဝင်မသင့်ဘူးလို့ ဘယ်တုန်းကများ
ငြင်းခဲ့ဖူးကြသလဲဟင်၊ စဉ်းစားကြစမ်း။"

"ဟိုကောင် မောင်သောင်း မင်းငယ်ငယ်တုန်းကကျက်ခဲ့ရတဲ့ မိဘကိုပြုစုလုပ်ကျွေး
ခြင်းသည်လည်း မင်္ဂလာမည်၏ ဆိုတဲ့အပိုဒ်ကို ခဏရွတ်ကြည့်စမ်း။"

"မာတာပိတု ဥပဋ္ဌာနံ ၊ ပုတ္တဒါရဿ သင်္ဂဟော
အနာကုလာစ ကမ္မန္တာ ၊ ဧတံ မင်္ဂလမုတ္တမံ" ပါဘုရား။"

"အေး-မှတ်မိလို့တော်သေးတာပေါ့၊ မင်းကအိမ်ထောင်ဦးစီးပဲ၊ မိန်းမလုပ်တဲ့သူက
မသိရင်တောင် မင်းကပြောဆိုဆုံးမရမှာပေါ့၊ ခုတော့ လူကြားလို့များကောင်းရဲ့လား၊
အိမ်ထောင်တစ်ခု တည်ထောင်ကြသူတွေဟာ သူ့မိဘကိုလည်း ကိုယ့်မိဘလို
သဘောထားရမယ်မဟုတ်လားကွ ဟေ-။"

"တင်ပါ့ဘုရား"

"ခုတော့ လူဝင်မသင့်ဘူးလို့ ဗေဒင်ဆရာကပြောလိုက်တာနဲ့ မင်္ဂလာတရားကြီးကို
လွှင့်ပစ်လိုက်ကြပြီ၊ မင်္ဂလာတရားကြီးကိုမှ လွှင့်ပစ်လိုက်ကြရင် မင်္ဂလာပျက်ပြီပေါ့ကွ။
ဘယ်ကလာ မင်္ဂလာရှိတော့မှာလဲ။ "

"မိဘကိုလုပ်ကျွေးခွင့်ရတယ်ဆိုတာ သူတော်ကောင်းတွေကတော့ ဧရာမအခွင့်
အရေးကြီးလို့ နားလည်ကြတယ်ကွ။ သူတော်ကောင်းတွေဟာ မိဘတွေ ဒုက္ခ
ရောက်ရင် ငိုလည်းငိုတယ်၊ ရီလည်းရီတယ်တဲ့ကွ၊ ငိုတာက မိဘတွေအတွက်
စိတ်မကောင်းလို့၊ ရီတာက မိဘတွေကိုပြုစုလုပ်ကျွေးခွင့်ရလို့တဲ့ကွ၊ နားလည်ကြရဲ့လား။"

"တင်ပါ့၊ နားလည်ပါပြီဘုရား"

"အေး-နင်တို့က ဗုဒ္ဓဘာသာဝင်တွေပဲ၊ သူတော်ကောင်းတွေ အမူအကျင့်ကို မလိုက်နာ
ထိုက်ကြဘူးလား။"

"မှတ်ထားကြစမ်း၊ ဗေဒင်ဆိုတာက မှားသည်ရှိ/မှန်သည်ရှိလိမ့်ဦးမယ်။ ဘုရားဟောကတော့
မှားတယ်ရယ်လို့မရှိဘူးကွ။ နင်တို့က ဘုရားဟောမှန်သမျှ လောကီကြောင်းနဲ့ဘာမှ မဆိုင်ဘူး
လို့များထင်နေကြသလားမသိဘူး။ မောင်သောင်း - သားသ္မီးတို့ကျင့်ရာသောဝတ္တရားတွေကို
ရွတ်စမ်း။"

"ကျွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်"---ပါဘုရား။"

"အေး-အဲဒါဘုရားဟောကွဲ့၊ ဗေဒင်ဟောမဟုတ်ဘူး။ သဘောပေါက်ရဲ့လား။"

"သဘောပေါက်ပါပြီဘုရား။"

"လူဆိုတာ လူ့ဝတ္တရားကျေပြွန်အောင် ကြိုးစားကြရမယ်ကွဲ့၊ သဘောပေါက်ကြရဲ့လား။"

"တင်ပါဘုရား၊ နောက်လည်းအမြင်မတော်တာရှိရင် ဆုံးမတော်မူပါဘုရား။"

"အေး-နင်တို့မိဘတွေကိုပါ ကန်တော့လိုက်ကြဦး၊ ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်
ကြ၊ ကြားကြရဲ့လား။"

"တင်ပါ့ဘုရား။"

"အေးအေး ငါ့တပည့်တွေ ကျန်းမာကြပါစေကွယ်။ "
********************************************************************

မောင်သောင်းတို့ ဇနီးမောင်နှံပြန်သွားကြပြီးနောက် ဤအရှင်လည်း ဆရာတော်ဘုရားကို
ကြည်ညိုစွာ ဦးချလိုက်ပြီး မိမိနေရာသို့ပြန်လာခဲ့ပါ၏။ မိမိနေရာသို့လာနေသော ဤအရှင်၏
အတွေးများထဲတွင် ဆရာတော်ထေရ်အရှင်၏ တပည့်များအပေါ်ထားရှိသော ကရုဏာတရားနှင့်
တပည့်များ၏ ဆရာသမားအပေါ်ချစ်ကြောက်ရိုသေပုံများသည် ထပ်ကြပ်မကွာ လိုက်ပါ
လာကြချေ၏။ တာဝန်ကျေလွန်းသော ဆရာတော်ကြီးပေတကား။

ထို့ပြင်တဝ ဗေဒင်ဆရာပြောသမျှ ဘာနှင့်မျှ မချိန်ဆတော့ပဲ လိုက်နာမိမှားခဲ့ကြသဖြင့်
နစ်နာခဲ့ကြရရှာသော မိမိရွာသားတို့၏ပုံရိပ်များလည်း အတွေးထဲတွင် ဝင်ရောက်လာရာ
အောက်ပါ ကဗျာကိုသာ ချရေးမိလိုက်ပါတော့သတည်း---။ ကျန်းမာကြပါစေ--။

ယတြာဗွက်မှရုန်းထွက်ခြင်း

ငါတို့ရွာတွင် ၊ ဟိုယခင်က
ဗေဒင်ဆရာ ၊ ယတြာတို့
အရာရာကို လွှမ်းခဲ့သည် ။

မကျန်းမာလျက် ၊ ဆေးရုံတက်ဖို့
တွက်ချက်နှေးဖင့် ၊ အချိန်လင့်၍
လွင့်ပါးသူများ ရှိဖူးသည် ။

ရွှေပျောက်,ငွေပျောက် ၊ အနောက်မြောက်ဟု
ယွင်းဖောက်ရမ်းတုတ် ၊ အဟောထုတ်၍
ရန်လုပ်တုတ်ထမ်း ကြမ်းဖူးသည် ။

မိဘနှစ်ဖြာ ၊ အလည်လာစဉ်
လူဝင်မသင့် ၊ ဟောထားနှင့်၍
တောင်ကြီးမြင့်မိုရ် ငိုဖူးသည် ။

ကံဉာဏ်ဝီရိယ ၊ စွမ်းအားမျှနှင့်
မရလေဟန် ၊ လုပ်ဇာတ်ဖန်၍
အကြံဖောက်လွှဲ ၊ စာမေးပွဲတွင်
မလွဲစိမ့်ငှါ ၊ ချီးမြှင့်ပါသည့်
ယတြာအားကိုး ၊ သစ်ရွက်ထိုးနှင့်
အမျိုးပေါင်းစုံ ၊ ဖွ,ဖွဲ့,ဥုံ,အောင့်
ခြေဆောင့်,လက်မြှောက် ၊ မူဟန်ဖောက်၍
စိတ်နောက်ကျောင်းသား ၊ မိဘများတို့
အများပြားပင် ရှိဖူးသည် ။

ယခုအခါ ၊ ငါတို့ရွာတွင်
ဆရာတော်ဘုရား ၊ ဟောမိန့်ကြားသည့်
ဘုရားဆုံးမ ၊ မြတ်ဓမ္မနှင့်
ဓမ္မရံသီ ၊ လင်းရောင်ခြည်တို့
စုံညီပေါင်းစပ် ၊ အလင်းဓာတ်ကြောင့်
လူနပ်စားပေါက် ၊ ဗေဒင်အောက်မှ
လွတ်မြောက်သောသူ များခဲ့ပြီ ။

ကံဉာဏ်ဝီရိယ ၊ စွမ်းအားမျှနှင့်
မရလေဟန် ၊ လုပ်ဇာတ်ဖန်သည့်
အကြံပက်စက် ၊ ယတြာဗွက်မှ
ရုန်းထွက်နိုင်သူများခဲ့ပြီ ။

မှတ်တမ်းပြုစု ၊ ကဗျာနုဖြင့်
ဂုဏ်ပြုဝမ်းမြောက် နိုင်ခဲ့ပြီ ။

Thursday, March 18, 2010

ရွာခံဘုန်းကြီးတရားပွဲ

"အရှင်ဘုရားတို့ကျောင်း ညတရားပွဲမှာ ဘယ်ဆရာတော်တွေ တရားချီးမြှင့်မှာလဲဘုရား"

"ဒီအနီးအနားတစ်ဝိုက်က ဆရာတော်တွေကို ပင့်ထားတယ် ဒကာကြီး"

"ဒီအနီးအနားတစ်ဝိုက်က ဆရာတော်တွေဆိုတော့ တရားတွေကရိုးနေပြီဘုရာ့၊ တရားနာ
ပရိတ်သတ်သိပ်စည်ကားမှာ မဟုတ်ဘူး၊ တခြားက ဓမ္မကထိကအကျော်အမော် နာမည်ကြီး
ဆရာတော်တွေကိုလည်းပင့်သင့်ပါတယ်ဘုရား"
********************************************************************
နယ်မြို့လေးတစ်မြို့၏ ကျောင်းသေးသေးလေး တစ်ကျောင်းတွင် ကံပစ်ချရာ
အတိုင်း ကျောင်းထိုင်တာဝန်ကို မလွှဲမရှောင်သာ ယူခဲ့ရစဉ်က တစ်နှစ်လျှင်တစ်ကြိမ်
(တစ်ကြိမ်လျှင် ၃ ည မှ ၅ ညထိ) ညတရားပွဲလေး တစ်ပွဲဖြစ်အောင် ကြိုးစားခဲ့ဖူးပါ၏။

အထက်ပါဖြစ်ရပ်ကား ထိုအတောအတွင်း ဤအရှင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်
မှန်ဖြစ်ပါ၏။"ရွာနားကဘုရား ရွာသားမရိုသေ"ဆိုသကဲ့သို့သော အဖြစ်မျိုးကို ကျောင်းထိုင်
်ဘုန်းကြီးတိုင်းလိုလို အနည်းနှင့်အများ ကြုံဖူးကြလိမ့်မည် ထင်ပါ၏။
**************************************************************

ရွာခံ (ဒေသခံ) ဆရာတော်တို့သည် သည်ရွာမှာပင်နေသည့်အလျှောက်
သည်ရွာမှ ဒကာ/မများကို ဝါတွင်းကာလ အပတ်စဉ် ဥပုသ်နေ့များ၊ သင်္ကြန်ကာလ
စသည်အဝင်အပါ အခါကြီးရက်ကြီးများတွင် တရားဓမ္မများ ဟောကြားပြသကြရ၏။

ထို့ပြင်တဝ သုမင်္ဂလ (ရှင်ပြု,ရဟန်းခံ,မင်္ဂလာဆောင် စသောသာရေး) အမှု၊ ဒုမင်္ဂလ
( မသာ,အသုဘရက်လည်ဆွမ်းကျွေး စသောနာရေး) အမှု တို့၌လည်း ထိုက်သည့်
အားလျော်စွာ တရားဓမ္မများ ဟောကြားပြသကြရ၏။

ဤသို့ဖြင့်လျှင် သည်ရွာမှာသီတင်းသုံးနေသော ဆရာတော်သည် သည်ရွာမှ
လူတွေကို တစ်ခါလာတစ်မျိုး မရိုးရလေအောင် အဘယ်မှာ စွမ်းဆောင်နိုင်ပါအံ့နည်း။ (အနည်းငယ်မျှသောဆရာတော်များသာ ခြွင်းချက်အနေဖြင့် ရှိကောင်းရှိနိုင်ပါ၏။)

မှန်ပါ၏။ တရားတစ်ပွဲဟောကြားဖို့ရန်အတွက် ဓမ္မကထိကဆရာတော်တိုင်း
သည် ဆိုင်ရာပါဠိတော်များကို ကျက်မှတ်ရ၏။ အဋ္ဌကထာလာ သဘောသဘာဝများကို
လေ့လာရ၏။ နိဿယ ချောမွေ့စေရေးအနက်ပေးရ၏။ တရားသဘောလည်းသက်ဝင် တရားနာပရိတ်သတ်များလည်း ထင်မြင်လွယ်မည့် ဥပမာ ဥပမေယျများကို ရှာဖွေကြံဆ
ရ၏ ။

မဃဒေဝ စသည်ထိုထိုမှ သက်ဆိုင်ရာ ကဗျာလင်္ကာကလေးများကိုပါရွေးထုတ်
ကျက်မှတ်ရ၏။ ရံခါကိုယ်တိုင်ပင် သီကုံးကြရလေသည်။ ထိုဒကာကြီးပြောသကဲ့သို့ပင်
ဒေသခံဘုန်းတော်ကြီးများ ဟောတော်မူအပ်သော တရားများသည် ဒေသခံဒကာ/မများ
အတွက် မရိုးပဲ ခံနိုင်ပါအံ့လော။ ရိုးပေလိမ့်မည်သာ။
*****************************************************************

နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသေးသည်ဖြစ်စေ အာဂန္တုဆရာတော်တို့
ဟောသမျှ ပြောသမျှတို့ကား အသစ်အဆန်းတို့သာများတတ်လေသည်။ အကြောင်းကား အနေမကြာသေးသောကြောင့်ဖြစ်ပေ၏။ တဖန် အကယ်တန္တု ထိုအာဂန္တုဆရာတော်သည်
ပင် ထိုရွာ၌ကျောင်းထိုင်ဖြစ်သွားပါက ကာလမကြာမြင့်မီပင်လျှင် သူ့တရားတော်များလည်း
ရိုးနေပါပြီဘုရားဟု လျှောက်ထားခံရမည်မှာ သေချာသလောက်ရှိပါ၏။

ဒကာ/ဒကာမများအနေဖြင့် ဤနေရာမှဆရာတော်နှင့် ထိုနေရာမှဆရာတော်
တို့သည် အပြန်အလှန်ရွာခံ-အာဂန္တု ဖြစ်နိုင်ကြကြောင်း ကောင်းစွာသဘောပေါက်ကြစေချင်
်လှပါ၏။ ထို့ထက်နားလည်အောင်ပြောရပါလျှင် ဓမ္မကထိကဆရာတော် တစ်ပါးတည်း၏ဟော
သမျှတရားပွဲများ၊ တရားခွေများကို နာကြားကြည့်ကြပါလျှင် ဤအချက်ကိုပို၍သဘောနိုင်ကြ
မည်သာဖြစ်ပါ၏။

ဤနေရာ၌ စကားစပ်မိ၍တစ်ဆက်တည်း ပြောပြချင်သည်မှာ မြတ်စွာဘုရားရှင်
ဟောကြားတော်မူခဲ့သောတရားတော်တိုင်းသည် "ဆင်းရဲငြိမ်းအေး ချမ်းသာရေးကို ဆောင်ကြဉ်းပေးနိုင်ပါကြောင်း"ပင် ဖြစ်ပါ၏။ပဋာစာရီ နှင့် ကိသာဂေါတမီ တို့၏အတ္ထုပ္ပတ္တိ
တို့သည် မတူ ကွဲပြားကြသော်လည်း ၎င်းတို့ သိအပ်သောတရား၊ ပယ်အပ်သောတရား၊
ဆိုက်ရောက်ရာတရား၊ ပွါးများအပ်သောတရားတိုသည် အတူတူပင်ဖြစ်ကြပါ၏။

ဝတ္ထုကြောင်းတို့သည်သာ ကွဲလွဲကောင်းကွဲလွဲကြမည်ဖြစ်သော်လည်း သဘောတရားတို့ကား
အသစ်အဆန်းမဟုတ်ကြပါချေ။ သို့သော် ဟောတော်မူသောဓမ္မကထိကဆရာတော်တို့၏
ဝိစရဏဉာဏ်သို့လိုက်၍ကား နားလည်နိုင်မှု နားမလည်နိုင်မှု ကွာခြားချက်များ ရှိနိုင်သေး
ကြောင်း ဝန်ခံရမည်သာဖြစ်ပါ၏။
************************************************************************

တရားပွဲကျင်းပရဖြင်း၏ အဓိကရည်ရွယ်ချက်သည် ဒကာ/မများ ဓမ္မဗဟုသုတ
တိုးပွါးလာစေဖို့ပင်ဖြစ်ပါ၏။ တရားဓမ္မမနာကြားရလျှင် ဓမ္မဗဟုသုတ ဘယ်ကရမည်နည်း။
ဓမ္မဗဟုသုတမရှိလျှင် ဆင်းရဲကင်းဝေးချမ်းသာရေးအတွက် အဘယ်ကဲ့သို့ကျင့်နိုင်ကြပါ
မည်နည်း။

ဤအရှင်တို့လည်း ထိုဒကာကြီးလျှောက်ထားသကဲ့သို့ နာမည်ကြီးဆရာတော်
များကို မိမိတို့ဒေသသို့ ပင့်ဖိတ်ချင်ကြ၊ ရောက်စေချင်ကြ၊ ဟောကြားတော်မူကြစေချင်သည်
်သာဖြစ်ပါ၏။ ရဟန်းကောင်းမှန်က ထိုသို့ သဘောရှိသော ဓမ္မကထိကဆရာတော်များကို
မိမိတို့ဒေသသို့ မရောက်ရှိ စေချင်သူအဘယ်မှာရှိပါအံ့နည်း။ မစ္ဆရိယတရားလေးပါးတွင်
ဓမ္မမစ္ဆရိယ နှင့် ကုလမစ္ဆရိယတို့သည် ရဟန်းတို့၌သာ အဖြစ်များကြောင်း ဆရာမြတ်တို့ထံမှ
ကြားနာမှတ်သားဖူးပါသည်။ အခြေအနေ အခွင့်အခါမသာသေး၍သာ မပင့်ဆောင်ပေးနိုင်
သေးသည်ကို နားလည်သဘောပေါက်နိုင်ကြပါလျှင် ကောင်းလေစွ။

မည်သို့ဆိုစေ ဒကာ/မတို့ အနေဖြင့် အဆိုပါ နာမည်ကြီး ဆရာတော်များ၏
တရားဓမ္မများကို နာကြားရကောင်းမှန်း၊ တရားပွဲသို့သွားရကောင်းမှန်းသိနေကြသည်မှာ
ရိုးနေပြီဆိုသောရွာခံ၊ ဒေသခံဆရာတော်တို့၏ တရားဓမ္မများကိုနာကြားခဲ့ကြရ၍ပင်
မဟုတ်ပါလော။

ထင်ရှားစေပါဦးအံ့၊ဘာသာခြားဖြစ်သောသူတို့မှာ အဘယ်မျှနာမည်ကြီး
သောဓမ္မကထိက ဆရာတော်ပင်လာလာ တရားနာရကောင်းမှန်းသိကြပါ၏လော။
ထိုနာမည်ကြီး ဆရာတော်တို့သည်လည်း သူ့နေရာနှင့်သူ သီတင်းသုံးတော် မူကြရသဖြင်
့်သင်တို့ရွာကို သင်တို့ရွာကဆရာတော်ကဲ့သို့ အစဉ်စောင့်ရှောက် နိုင်ပါမည်လော။ သင်တို့ရွာကဆရာတော်သည်လည်း ထိုဆရာတော်များဒေသကို ထိုဆရာတော်များ
ကဲ့သို့ အစဉ်စောင့်ရှောက်ပေးနိုင်မည်ကားမဟုတ်ချေ။

ထိုသို့အပြန်ပြန် အလှန်လှန်ကျကျနနစဉ်းစားကြည့်ပါလျှင်ရွာခံဆရာတော်တို့၏
ကျေးဇူးတရားတို့ကိုထင်ထင် ရှားရှားတွေ့မြင်ကြရမည်သာဖြစ်ပါ၏။ သူ့ကျေးဇူးကို
သိခြင်း(ကတညုတ)ဂုဏ်နှင့်သူ့ကျေးဇူးကို တတ်သရွေ့ မှတ်သရွေ့ပေးဆပ်ခြင်း
(ကတဝေဒီ) ဂုဏ်ရည်တို့သည် သူတော်ကောင်းတို့၌သာ ကိန်းအောင်းကြပါ၏။
********************************************************************************

ဥယျာဉ်မှူးများသည် သစ်ပင်ပန်းပင်များကို ရေလောင်းပေးရ ၊ မြေဆီ
ီသြဇာ ထည့်ပေးကြရ၏။ခြံတွင်းဖြစ် မြက်ရိုင်း,ဆူးပင်စသော အသုံးမဝင်သော
သစ်ပင်များကိုရှင်းလင်းပစ်ရ၏။ ပြင်ပမှ ဝင်ရောက်လာသော အဖျက်ပိုးမွှားများရန်မှ
ကာကွယ်နှိမ်နင်းရ၏။ အသစ်အသစ်သော သစ်ပင်ပျိုကလေးများကိုပြုစု ပျိုးထောင်
်ပေးကြရ၏။ ထို့အတူ---

ရွာခံဆရာတော်များသည် ရွာနေဒကာ/မများကို တရားဓမ္မများဟောကြား
ပြသပေးကြရ၏။ ပြင်ပမှကောင်းမြတ်သင့်တော်သော ဓမ္မကထိကဆရာတော်များကို
ပင့်ဖိတ်ဟောပြောစေရ၏။ ရွာတွင်းပေါက်ဖွါး ဝါဒဆိုးဆူးပင်များကိုရှင်းလင်းပစ်ရ၏။
ပြင်ပမှ ဝင်ရောက်လာသော ဝါဒဆိုးပိုးမွှားများရန်မှကာကွယ်နှိမ်နင်းကြရ၏။ မျိုးဆက်သစ်ကလေးငယ်များကိုလည်း ဘာသာယဉ်ကျေးမှုများကိန်းအောင်းစေရန်
ပြုစုပျိုးထောင်ပေးကြရကုန်၏။
*********************************************************************************

ဤသို့ဖြင့်လျှင် အပြန်အလှန် ရွာခံ-အာဂန္တု မည်သို့ပင်နာမပြုစေ၊
ထိုထိုဆရာတော် သံဃာတော်အရှင်သူမြတ်တို့သည် --

မကောင်းမြစ်တာ ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကြူး ၊နာဖူးထပ်မံ
နတ်ထံတင်ရာ ၊ မေတ္တာလည်းပြု
ရဟန်းမှု-ခြောက်ခုလွန်သေချာ--ဟူသည်နှင့်အညီ---
ဒေသရပ်ရွာအသီးသီးတို့၌ ဓမ္မစည်ကြီး ရိုက်ဆော်တီးနေကြဆဲပင်ဖြစ်ပါတည်း။ ။
ရွာခံ-အာဂန္တု ကန့်သတ်မှုမပြုမူ၍ အယူဖြောင့်စွာ တရားတော်နာနိုင်ကြပါစေသတည်း ။


(ယခင် ဓမ္မရံသီမဂ္ဂဇင်း၌ ဖေါ်ပြပြီးခဲ့ပြီးဖြစ်သော ဆောင်းပါးကို အနည်းငယ်
ဖြည့်စွက်ရေးသားလိုက်ပါ၏)