"ရွာကဒေါ်ပုတို့လင်မယား တပည့်တော်တို့ အိမ်ရောက်နေကြပါတယ်ဘုရား။"
"အင်း"
"သူ့ခင်ပွန်းနေမကောင်းလို့ ဆေးလာကုကြတာပါဘုရား"
"ဟင်-သူ့တို့ သ္မီးအိမ်မှာ မတည်းကြဘူးလား"
"သူ့သ္မီးကတော့ လာလာကြည့်ပါတယ်ဘုရား၊ အိမ်မှာပေးမတည်းတာကတော့
ဗေဒင်က လူဝင်မသင့်ဘူး ဟောထားလို့ဆိုပဲဘုရား။"
"ဟင်-မင်္ဂလာတရားတွေ ပျက်ပါပေါ့ ဒကာကြီးရ၊ ဘယ့်နှယ် ဘုရားဟောထက်
ဗေဒင်ဟောကိုမှပိုယုံရတယ်လို့၊ ဗုဒ္ဓဘာသာမှဟုတ်ပါလေစ။ ဟေ့ ကျောင်းသားတစ်
ယောက်လောက်ခဏလာခဲ့စမ်း၊ ဒေါ်ပုတို့ သ္မီးနဲ့သားမက်ကို သိတယ်မဟုတ်လား။
သွားခေါ်ချေ။ ဆရာတော် ခေါ်တယ်လို့ ပြောလိုက်။"
**************************************************************
(ဖော်ပြပါ အဖြစ်အပျက်ကား ဆရာဘုန်းတော်ကြီး၏ကျောင်းသို့ ခေတ္တရောက်ရှိခိုက်
ကြားသိလိုက်ရသော အဖြစ်အပျက်ပင်ဖြစ်ပါ၏။ မကြာမြင့်မီပင် ဒေါ်ပု၏ သ္မီးနှင့်သားမက်
တို့ရောက်လာကာ ဆရာတော်အားဦးချကန်တော့ကြလေ၏။)
"ဆရာတော် ခေါ်တယ်ဆိုလို့ပါဘုရား။"
"အေး၊ နင်တို့နေကောင်းကြရဲ့လား။"
"ကောင်းပါတယ်ဘုရား။"
"နင်တို့အဖေ အမေတွေရော။"
"အဖေ နေမကောင်းလို့ ဆေးကုမလို့ရောက်နေကြပါတယ်ဘုရား။"
"ဘယ်တုန်းကရောက်ကြတာလဲ ၊ နင်တို့အိမ်မှာပဲလား။"
"မနေ့ညနေကပါဘုရား၊ ဦးကြီးတိုးတို့အိမ်မှာတည်းကြပါတယ်ဘုရား။"
"အေး-အဲဒါကြားလို့ခေါ်ရတာပဲ။ နင်တို့အိမ်မှာ ဘာလို့မတည်းကြတာလဲ၊"
"ဟို-ဟို ဗေဒင်ကလူဝင်မသင့်ဘူးဆိုလို့ပါဘုရား။ တပည့်တော်မ ဘယ်လို
လုပ်ရမလဲဘုရား။"
"အေး အဲဒါပြောချင်လို့ အခေါ်ခိုင်းလိုက်ရတာပဲ။ သေသေချာချာစဉ်းစား
ကြည့်စမ်း၊ ခုလာတာ တစိမ်းတွေလား၊ မိဘတွေလား၊ ဟင်--။"
"မိဘတွေပါဘုရား"
"သူတို့ခမျာ အပျော်လာကြတာလား ဆေးလာကုကြတာလား။"
"ဆေးလာကုကြတာပါဘုရား"
"အေး-နင်တို့ ငယ်ငယ်ကတည်းက ခုချိန်ထိကျအောင် ဘယ်အကြောင်းကြောင့်ပဲ
မိဘအိမ်ကိုသွားသွား နင်တို့မိဘတွေက လူဝင်မသင့်ဘူးလို့ ဘယ်တုန်းကများ
ငြင်းခဲ့ဖူးကြသလဲဟင်၊ စဉ်းစားကြစမ်း။"
"ဟိုကောင် မောင်သောင်း မင်းငယ်ငယ်တုန်းကကျက်ခဲ့ရတဲ့ မိဘကိုပြုစုလုပ်ကျွေး
ခြင်းသည်လည်း မင်္ဂလာမည်၏ ဆိုတဲ့အပိုဒ်ကို ခဏရွတ်ကြည့်စမ်း။"
"မာတာပိတု ဥပဋ္ဌာနံ ၊ ပုတ္တဒါရဿ သင်္ဂဟော
အနာကုလာစ ကမ္မန္တာ ၊ ဧတံ မင်္ဂလမုတ္တမံ" ပါဘုရား။"
"အေး-မှတ်မိလို့တော်သေးတာပေါ့၊ မင်းကအိမ်ထောင်ဦးစီးပဲ၊ မိန်းမလုပ်တဲ့သူက
မသိရင်တောင် မင်းကပြောဆိုဆုံးမရမှာပေါ့၊ ခုတော့ လူကြားလို့များကောင်းရဲ့လား၊
အိမ်ထောင်တစ်ခု တည်ထောင်ကြသူတွေဟာ သူ့မိဘကိုလည်း ကိုယ့်မိဘလို
သဘောထားရမယ်မဟုတ်လားကွ ဟေ-။"
"တင်ပါ့ဘုရား"
"ခုတော့ လူဝင်မသင့်ဘူးလို့ ဗေဒင်ဆရာကပြောလိုက်တာနဲ့ မင်္ဂလာတရားကြီးကို
လွှင့်ပစ်လိုက်ကြပြီ၊ မင်္ဂလာတရားကြီးကိုမှ လွှင့်ပစ်လိုက်ကြရင် မင်္ဂလာပျက်ပြီပေါ့ကွ။
ဘယ်ကလာ မင်္ဂလာရှိတော့မှာလဲ။ "
"မိဘကိုလုပ်ကျွေးခွင့်ရတယ်ဆိုတာ သူတော်ကောင်းတွေကတော့ ဧရာမအခွင့်
အရေးကြီးလို့ နားလည်ကြတယ်ကွ။ သူတော်ကောင်းတွေဟာ မိဘတွေ ဒုက္ခ
ရောက်ရင် ငိုလည်းငိုတယ်၊ ရီလည်းရီတယ်တဲ့ကွ၊ ငိုတာက မိဘတွေအတွက်
စိတ်မကောင်းလို့၊ ရီတာက မိဘတွေကိုပြုစုလုပ်ကျွေးခွင့်ရလို့တဲ့ကွ၊ နားလည်ကြရဲ့လား။"
"တင်ပါ့၊ နားလည်ပါပြီဘုရား"
"အေး-နင်တို့က ဗုဒ္ဓဘာသာဝင်တွေပဲ၊ သူတော်ကောင်းတွေ အမူအကျင့်ကို မလိုက်နာ
ထိုက်ကြဘူးလား။"
"မှတ်ထားကြစမ်း၊ ဗေဒင်ဆိုတာက မှားသည်ရှိ/မှန်သည်ရှိလိမ့်ဦးမယ်။ ဘုရားဟောကတော့
မှားတယ်ရယ်လို့မရှိဘူးကွ။ နင်တို့က ဘုရားဟောမှန်သမျှ လောကီကြောင်းနဲ့ဘာမှ မဆိုင်ဘူး
လို့များထင်နေကြသလားမသိဘူး။ မောင်သောင်း - သားသ္မီးတို့ကျင့်ရာသောဝတ္တရားတွေကို
ရွတ်စမ်း။"
"ကျွေးမွေးမပျက် ၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်"---ပါဘုရား။"
"အေး-အဲဒါဘုရားဟောကွဲ့၊ ဗေဒင်ဟောမဟုတ်ဘူး။ သဘောပေါက်ရဲ့လား။"
"သဘောပေါက်ပါပြီဘုရား။"
"လူဆိုတာ လူ့ဝတ္တရားကျေပြွန်အောင် ကြိုးစားကြရမယ်ကွဲ့၊ သဘောပေါက်ကြရဲ့လား။"
"တင်ပါဘုရား၊ နောက်လည်းအမြင်မတော်တာရှိရင် ဆုံးမတော်မူပါဘုရား။"
"အေး-နင်တို့မိဘတွေကိုပါ ကန်တော့လိုက်ကြဦး၊ ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်
ကြ၊ ကြားကြရဲ့လား။"
"တင်ပါ့ဘုရား။"
"အေးအေး ငါ့တပည့်တွေ ကျန်းမာကြပါစေကွယ်။ "
********************************************************************
မောင်သောင်းတို့ ဇနီးမောင်နှံပြန်သွားကြပြီးနောက် ဤအရှင်လည်း ဆရာတော်ဘုရားကို
ကြည်ညိုစွာ ဦးချလိုက်ပြီး မိမိနေရာသို့ပြန်လာခဲ့ပါ၏။ မိမိနေရာသို့လာနေသော ဤအရှင်၏
အတွေးများထဲတွင် ဆရာတော်ထေရ်အရှင်၏ တပည့်များအပေါ်ထားရှိသော ကရုဏာတရားနှင့်
တပည့်များ၏ ဆရာသမားအပေါ်ချစ်ကြောက်ရိုသေပုံများသည် ထပ်ကြပ်မကွာ လိုက်ပါ
လာကြချေ၏။ တာဝန်ကျေလွန်းသော ဆရာတော်ကြီးပေတကား။
ထို့ပြင်တဝ ဗေဒင်ဆရာပြောသမျှ ဘာနှင့်မျှ မချိန်ဆတော့ပဲ လိုက်နာမိမှားခဲ့ကြသဖြင့်
နစ်နာခဲ့ကြရရှာသော မိမိရွာသားတို့၏ပုံရိပ်များလည်း အတွေးထဲတွင် ဝင်ရောက်လာရာ
အောက်ပါ ကဗျာကိုသာ ချရေးမိလိုက်ပါတော့သတည်း---။ ကျန်းမာကြပါစေ--။
ယတြာဗွက်မှရုန်းထွက်ခြင်း
ငါတို့ရွာတွင် ၊ ဟိုယခင်က
ဗေဒင်ဆရာ ၊ ယတြာတို့
အရာရာကို လွှမ်းခဲ့သည် ။
မကျန်းမာလျက် ၊ ဆေးရုံတက်ဖို့
တွက်ချက်နှေးဖင့် ၊ အချိန်လင့်၍
လွင့်ပါးသူများ ရှိဖူးသည် ။
ရွှေပျောက်,ငွေပျောက် ၊ အနောက်မြောက်ဟု
ယွင်းဖောက်ရမ်းတုတ် ၊ အဟောထုတ်၍
ရန်လုပ်တုတ်ထမ်း ကြမ်းဖူးသည် ။
မိဘနှစ်ဖြာ ၊ အလည်လာစဉ်
လူဝင်မသင့် ၊ ဟောထားနှင့်၍
တောင်ကြီးမြင့်မိုရ် ငိုဖူးသည် ။
ကံဉာဏ်ဝီရိယ ၊ စွမ်းအားမျှနှင့်
မရလေဟန် ၊ လုပ်ဇာတ်ဖန်၍
အကြံဖောက်လွှဲ ၊ စာမေးပွဲတွင်
မလွဲစိမ့်ငှါ ၊ ချီးမြှင့်ပါသည့်
ယတြာအားကိုး ၊ သစ်ရွက်ထိုးနှင့်
အမျိုးပေါင်းစုံ ၊ ဖွ,ဖွဲ့,ဥုံ,အောင့်
ခြေဆောင့်,လက်မြှောက် ၊ မူဟန်ဖောက်၍
စိတ်နောက်ကျောင်းသား ၊ မိဘများတို့
အများပြားပင် ရှိဖူးသည် ။
ယခုအခါ ၊ ငါတို့ရွာတွင်
ဆရာတော်ဘုရား ၊ ဟောမိန့်ကြားသည့်
ဘုရားဆုံးမ ၊ မြတ်ဓမ္မနှင့်
ဓမ္မရံသီ ၊ လင်းရောင်ခြည်တို့
စုံညီပေါင်းစပ် ၊ အလင်းဓာတ်ကြောင့်
လူနပ်စားပေါက် ၊ ဗေဒင်အောက်မှ
လွတ်မြောက်သောသူ များခဲ့ပြီ ။
ကံဉာဏ်ဝီရိယ ၊ စွမ်းအားမျှနှင့်
မရလေဟန် ၊ လုပ်ဇာတ်ဖန်သည့်
အကြံပက်စက် ၊ ယတြာဗွက်မှ
ရုန်းထွက်နိုင်သူများခဲ့ပြီ ။
မှတ်တမ်းပြုစု ၊ ကဗျာနုဖြင့်
ဂုဏ်ပြုဝမ်းမြောက် နိုင်ခဲ့ပြီ ။
No comments:
Post a Comment